Pages

Wednesday, November 21, 2012

Stress (သို့) နိုဝင်ဘာ ၂၀၁၂



စာရေးချင်နေတာကြာပြီ၊ ရေးစရာအကြောင်းကလည်း ရှာမရ၊ မယ်မယ်ရရ တစ်ခုမှမရှိဆိုတော့ ဘာရေးလို့ရေးရမှန်းမသိအောင်ဖြစ်နေတာလည်း တော်တော်ကြာနေပြီ။ အခု ဒီရက်ပိုင်းမှာ သိသိသာသာကြီး ပိန်သွားတယ် (ပိန်သွားတယ်ဆိုတော့ အရင်က၀တယ် ထင်နေဦးမယ်၊ ပိုပိန်သွားတာကိုပြောတာ) ။ စိတ်ဖိစီးမှုများလို့ထင်တာပဲ၊ နို့ပေမယ့် ဘာကြောင့်စိတ်ဖိစီးမှုများတာလဲ ဆိုတော့လည်း လောက်လောက်လားလား ပြစရာဘာမှမရှိ၊ အလုပ်ကြောင့်လား၊ စီးပွားရေးလား၊ အိမ်တွင်းရေးလား၊ မေတ္တာရေးလား ဒါမှမဟုတ် အဲဒါတွေအကုန်လုံးကြောင့်လား၊ ဖြစ်နိုင်တယ် အားလုံးနည်းနည်းစီတော့ ပါဝင်ပတ်သက်နေမှာပဲ။ ဘာဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အခုလိုမျိုးစာတွေချရေးပြီး ဖွင့်ထုတ်လိုက်ချင်တာ။

Thursday, November 8, 2012

အတွေး - ၂၀၁၂


သူများချွေးထွက်မှ အေးရမယ်ဆိုလည်း
နေပါစေတော့ဗျာ......
ကျုပ်က သူဌေးဇာတာမပါဘူး။

ရောင်းတန်းဝင်အောင်လုပ်နေရတဲ့
မြို့ပြက အသက်တိုတယ်။
မနေ့ကမပြောဖြစ်တဲ့အကြောင်း ဒီကနေ့မေ့သွားခဲ့
မှတ်မိသမျှ အားလုံးက အနီရောင်........
ခပ်အေးအေးပဲဗျာ......
အဲဒီလို ကိုယ့်ကိုယ်ကို လုပ်ကြံပစ်လိုက်တယ်။
နောင်တတွေနဲ့ ကျင့်သားရပါများလာတော့
အိပ်မက်တွေကို လက်ဖွာခဲ့ပြန်ပေါ့
တကယ်တမ်းတော့....
ဘ၀မှာ ထုံးစံဆိုတာ တကယ်မရှိခဲ့ဘူး။

ဘ၀ကြီးတစ်ခုလုံး မူးနောက်
ဆန္ဒတွေ ဇောက်ထိုးဖြစ်တဲ့အထိ
ကျုပ်တို့တတွေ တပ်မက်မှုကို မက်မောခဲ့ပြန်သေး.........
ထားခဲ့လိုက်ကြစို့
နောက်နေ့မှာ ဆက်မက်ကြဦးမှာပေါ့
အဲဒီလို ခပ်မှိန်မှိန် မျှော်လင့်ကြစို့ရဲ့.....
အတောင်ပါမှမဟုတ်ပါဘူးဗျာ
ရေခိုးတွေတောင် အငွေ့ပျံတတ်သေးတာပဲ။
နာကျင်ရုံမကလို့ တစ်စစီစုတ်ပြတ်သွားရင်တောင်မှ
လဲပြိုမသွားတာကလည်း မာန ပဲပေါ့။

ထီဧလွင်
၈ရက် နိုဝင်ဘာ ၂၀၁၂

Tuesday, October 16, 2012

ဝေဒနာသည်


တစ်စုံတစ်ခု ကိုရှာဖွေရင်းနဲ့
ငါ့ကိုယ်ငါ ပျောက်ဆုံးသွား...
ပုံသွင်းထားတဲ့ နှလုံးသားက မြင်ဖူးနေကြပုံစံမဟုတ်ဘူး ။

အေးစက်မာကျောတဲ့ မနက်ခင်းများ
ပြင်းထန်စူးရှတဲ့ နေ့လည်ခင်းများ
အဓိပ္ပါယ်ကောက်လွဲခဲ့ကြဖူးတဲ့.....
ယုတ္တိမတန်တဲ့ ညနေခင်းများ .............
တကယ်တော့ စစ်မှန်တယ်ဆိုတာက ကဗျာမဆန်တတ်ဘူး
တကယ်တော့ စစ်မှန်တယ်ဆိုတာက အိပ်မက်မဆန်တတ်ဘူး
တကယ်တော့............
ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေခဲ့ကြတာ....
တကယ်တော့ ဆိုတာကလည်း အမြဲတမ်း တကယ်မဟုတ်ဘူး ။

ဒီလိုပဲ............
ပုံသွင်းထားတဲ့ နှလုံးသားကလည်း မြင်ဖူးနေကြပုံစံမဟုတ်ဘူး ။

ထီဧလွင်

Monday, August 20, 2012

Youths are Future


တနင်္ဂနွေနေ့က MICTDC မှာလုပ်ခဲ့တဲ့ Mobile Brain Storming Workshop ကိုသွားခဲ့တယ်။ စနေနေ့ညက မိုးအသားကုန် ရွာထားတာကြောင့် ရန်ကုန်မြို့နေရာတော်တော်များများမှာ ရေလျှံနေကြတယ်လေ။ အဲဒီတော့ ပွဲကိုလာတဲ့လူက မှန်းထားတာထက်နည်းတဲ့ပုံပါပဲ၊ ဘာလို့ဆိုတော့ ခုံတွေလည်း တော်တော်များများ လွတ်နေတယ်၊ နောက်ပြီး မုန့်တွေ၊ ရေဘူးတွေလည်း အများကြီးပိုတယ်။ အဲဒါကိုကြည့်ရင် မှန်းထားတဲ့လူထက် လာတဲ့လူနည်းတယ်လို့ သိနိုင်ပါတယ်။ ထားပါတော့ အဓိကပြောချင်တာက အဲဒါမဟုတ်ဘူး။ ရာသီဥတုအကြောင်းပြောရအောင်လည်း ကိုယ်က ဘာမှသိတာမဟုတ်ဘူး။ ပွဲက လူနည်းပေမယ့် Workshop ဆိုတော့ တစ်ဦးနဲ့တစ်ဦး ပြောကြတာ အတော်လေးနားထောင်ကောင်းပါတယ်။

Wednesday, August 15, 2012

သုညအနုတ်


ငါ ဆိုတာ စိတ္တဇ တစ်ကောင်ပါ….
ငါ့ညတွေ ထွက်ရပ်ပေါက်
ငါ့ဘာသာ ဘယ်ရောက်နေမှန်းမသိအောင် တုံးတယ် ။
ဘ၀ထဲက နှုတ်စရာ ဘာမှမကျန်တာတောင်
လွမ်းလို့ကောင်းတုန်း……

စိတ်ကူးတွေ ဖျော်သောက်
လေးပေမီးချောင်း အောက်မှာ
ငါ့ အိပ်မက်တွေ မခမ်းနားဘူး ။
ငါ ဆိုတာကိုက အမှောင်လေ………..

လရောင်ကို အထပ်ထပ်ကျူးရင့်
ကြယ်တွေကို တိုးတိုးလေး ညည်းလို့
ကောင်းကင်ကို သီဆို………
ငါ ဆိုတာ နဂိုကတည်းက တုံးပြီးသားပဲ ။

ဒီလိုပဲ
ငါဆိုတာ စိတ္တဇ တစ်ကောင်ရယ်ပါ………. ။



ထီဧလွင်
၁၄ရက် ဩဂုတ် ၂၀၁၂

အချစ်

အကြည့်တစ်ချက်
သိအခက်နှင့်
ငြိပတ်ခဲ့ ဝေဒနာ
ဖွေရှာရခက်ခဲ
အဖြေရှာသေချာစစ်လေတော့
ဒီဒဏ်ရာရင်အတွင်းက
စစ်စစ်ကိုက်ခဲ...... ။

ထီဧလွင်


Thursday, August 2, 2012

၁၃၇၄ ခုနှစ် ဒုတိယ ၀ါဆိုလပြည့်


ဒီနေ့တစ်နေကုန် “ဘုရားမသွားဘူးလား” လို့ အမေးခံရတာ ဘယ်နှစ်ကြိမ်မှန်းကိုမသိဘူး။ ခဏခဏဆိုတော့ စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်တယ် “ငါက ဘုရားနဲ့ မတည့်ဘူးလို့” ……. ဘာပြန်ပြောတယ်မှတ်လဲ “မိုက်ရိုင်းလှချည်လား” တဲ့…..

Tuesday, July 31, 2012

ဖေဖေ



ကျွန်တော်မှတ်မိသမျှကတော့ ကျွန်တော့်အသက် ၅နှစ်၊ ၆နှစ် လောက်မှာ ဖေဖေ့ရဲ့ဖိနပ်၊ အတိအကျပြောရရင် ဘီအမ်တွမ်တီးလို့ခေါ်တဲ့ ရာဘာဖိနပ်ပေါ့… အဲဒီ့ဖေဖေ့ဖိနပ်ကို ယူစီးကြည့်ခဲ့ဖူးတယ်။ ကျွန်တော့်အသက်ငယ်ငယ်လေးဆိုတော့ ဖိနပ်ကအကြီးကြီးပေါ့၊ ဒါပေမယ့် ကျွန်တော် အဲဒီ့ ဖေဖေ့ဖိနပ်ကို ယူယူစီးရတာ အရမ်းသဘောကျတယ်။ လူကြီးတွေကပြောတယ် ချော်လဲမယ် ဘာညာပေါ့ ဒါပေမယ့် ကျွန်တော် အဲဒီ့ဖေဖေ့ဖိနပ်ကို ခဏခဏ ခိုးစီးတယ်။ ဖေဖေ့ဖိနပ်နံပါတ်က ၈၊ တစ်ခါတစ်လေ ၈ခွဲလည်း စီးတယ်။ ကျွန်တော်နဲ့ဆိုရင် အဲဒီ့ဖိနပ်က အရမ်းကြီးနေတာပေါ့… ဒါပေမယ့် ကျွန်တော်ကြိုက်တယ်၊ ကျွန်တော်အားကျတယ်၊ ငါလည်းတစ်နေ့ကျရင် ဖေဖေ့လိုဖိနပ် စီးကိုစီးမယ်လို့ ………

Tuesday, July 24, 2012