Pages

Wednesday, November 21, 2012

Stress (သို့) နိုဝင်ဘာ ၂၀၁၂



စာရေးချင်နေတာကြာပြီ၊ ရေးစရာအကြောင်းကလည်း ရှာမရ၊ မယ်မယ်ရရ တစ်ခုမှမရှိဆိုတော့ ဘာရေးလို့ရေးရမှန်းမသိအောင်ဖြစ်နေတာလည်း တော်တော်ကြာနေပြီ။ အခု ဒီရက်ပိုင်းမှာ သိသိသာသာကြီး ပိန်သွားတယ် (ပိန်သွားတယ်ဆိုတော့ အရင်က၀တယ် ထင်နေဦးမယ်၊ ပိုပိန်သွားတာကိုပြောတာ) ။ စိတ်ဖိစီးမှုများလို့ထင်တာပဲ၊ နို့ပေမယ့် ဘာကြောင့်စိတ်ဖိစီးမှုများတာလဲ ဆိုတော့လည်း လောက်လောက်လားလား ပြစရာဘာမှမရှိ၊ အလုပ်ကြောင့်လား၊ စီးပွားရေးလား၊ အိမ်တွင်းရေးလား၊ မေတ္တာရေးလား ဒါမှမဟုတ် အဲဒါတွေအကုန်လုံးကြောင့်လား၊ ဖြစ်နိုင်တယ် အားလုံးနည်းနည်းစီတော့ ပါဝင်ပတ်သက်နေမှာပဲ။ ဘာဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အခုလိုမျိုးစာတွေချရေးပြီး ဖွင့်ထုတ်လိုက်ချင်တာ။

၂၀၀၅ ခုနှစ်မှာ ကိုယ်တက်ချင်တဲ့ ကွန်ပျူတာတက္ကသိုလ် ကိုတက်ခဲ့ရတယ်။ ဒုတိယနှစ်မှာ ကိုယ်စိတ်ဝင်စားတယ်လို့ ထင်ခဲ့တဲ့ CT (Hardware) ပိုင်းကိုအဓိကယူခဲ့တယ်။ စာကျက်ရတာနည်းမယ်ထင်တာလည်း ပါတယ်။ တတိယနှစ်ရောက်တော့ ကိုယ့်ကိုယ်ကို CT ကိုလည်း စိတ်မ၀င်စားမှန်းသိလာတယ်။ စိတ်ထဲပါမယ်လို့ထင်တဲ့ဟာတွေ လျှောက်လုပ်နေရင်းက တတိယနှစ်ကို တတိယအကြိမ်မြောက်အောင် တက်ခဲ့ရတယ်။ အဲဒီ့လိုနဲ့ သူများတွေ ပုံမှန်သုံးနှစ်လောက်နဲ့ ယူရတဲ့ ဘွဲ့တစ်ခုကိုရဖို့ ငါးနှစ်ကြာအောင်တက်ခဲ့ရတယ်။  ကိုယ်လည်း ဘွဲ့ရတဲ့အချိန်လည်း ရောက်ကော၊ ကိုယ်နဲ့ တစ်တန်းတည်း တက်ခဲ့တဲ့ သူငယ်ချင်းတွေက မဟာတန်းအတွက် Thesis တောင်လုပ်နေကြပြီ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို နောင်တရလားမေးကြည့် ဘယ်လိုမှမနေဘူး။ နောင်တမရဘူးလား မေးလွန်းတဲ့ မေမေ တောင် တော်တော်လေးနောင်တရသွားတယ် နောက်ဘယ်တော့မှမမေးတော့ဘူး။ ဒါနဲ့ ကျောင်းစာစိတ်မ၀င်စားလို့လားဆိုပြီး အပြင်သန်ရာသန်ရာတွေလျှောက်လုပ်နေတာလည်း ဖြစ်ဖြစ်မြောက်မြောက် ဘာမှဖြစ်မလာဘူး။ Developer ဘ၀ကို လုံးလုံးလျားလျား ခံယူလိုက်ပြန်တော့လည်း အလုပ်တစ်ခုပြီးတစ်ခုပြောင်းနေတာနဲ့ပဲ ဘာProduct မှကို ကောင်းကောင်းမထွက်နိုင်ခဲ့သေးဘူး။ အဲဒီတော့ စိတ်ဓာတ်ကျရောလားဆိုတော့လည်း ခပ်ပြောင်ပြောင်ပဲ နှစ်ဆယ့်နှစ်နှစ်လောက်ကို မိဘလုပ်စာ ထိုင်စားနေခဲ့တာ။
တစ်ခါတစ်လေတော့လည်း ကိုယ့်ကိုယ်ကို ဆန်ကုန်မြေလေးတစ်ယောက်လို့ ခံယူခဲ့ဖူးတဲ့ အချိန်တွေတောင်ရှိခဲ့တယ်။ ဒါပေမယ့်လည်း ခဏပါပဲ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ တစ်နာရီလောက်ထိုင်လိုက်ရရင်ပဲ ဘ၀ကြီးကအလိုလိုအဓိပ္ပါယ်ရှိသွားသလိုမျိုး။ အဲဒီ့လို ပေါကြောင်ကြောင်အတွေးတွေနဲ့မို့ ကိုယ့်ကိုယ်ကို တစ်ခါတစ်ခါတော့ မုန်းမိသား။ ဒါပေမယ့်လည်း အဲဒါလည်း ခဏပါပဲ...... လူဆိုတဲ့သတ္တ၀ါက (တကယ်တော့ လူမှမဟုတ်ပါဘူး၊ သတ္တ၀ါတိုင်းပါ) ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲမဟုတ်လား။ အဲဒီ့တော့လည်း ကြာကြာဘယ်မုန်းနိုင်ပါ့မလဲ။ ကိုယ်ကလည်း လူထဲကလူပဲကိုး။
အခုမှကိုယ့်ကိုယ်ကို ရုပ်လုံးပေါ်အောင်ကြည့်စပြုနေတဲ့ အချိန်ရောက်ကာစရှိသေး၊ ဘယ်ကလာမှန်း မသိတဲ့ အူကြောင်ကြောင်အတွေးအခေါ်တွေ၊ ဘာကိုခံစားလို့ခံစားနေရမှန်းမသိတဲ့ ခံစားမှုတွေကြောင့် စိတ်ဖိစီးမှုများနေရပြန်ကောဗျာ။ ဒါပေမယ့် အဲဒါလည်း တကယ်ကိုခဏလောက်ပါပဲ.... ဒီညအိပ်လိုက်လို့ မနက်နိုးရင်တောင် ပြန်ကောင်းချင်ကောင်းနေမှာ။ အဲဒီလိုပဲဗျ...... ကျွန်တော်တို့တွေဆိုတာက တစ်ခါတစ်လေတော့ လည်း အကြောင်းအရင်းမရှိပဲ ကြောင်တောင်တောင်ဖြစ်တတ်ကြတာပဲ။ အခုလိုမျိုး အဲဒါတွေကို ဘာလို့ပြောနေရလဲဆိုတာလည်း မသိဘူး၊ ရေးလိုက်ရတဲ့အတွက်တော့ နည်းနည်းပေါ့သွားတယ်။
ဘာရယ်တော့မဟုတ်ဘူးဗျ။ ရေးရင်းရေးရင်းနဲ့တော့ စာတစ်ပုဒ်ဖြစ်လာသားပဲ။

No comments: