Pages

Wednesday, October 2, 2013

ခေတ်ပျက်

သူ့အရပ်နဲ့ သူ့ဇာတ်မှာမှ
ဖျာခင်းမယ့် သူတွေက တစ်သိုက် …
ဘယ်အုပ်ကို ကျားဝင်ကိုက်ကိုက်
အသံထွက်တာပါပဲ ။

လွတ်လပ်ခြင်းဟာ စာရွက်တွေပေါ်မှာ …
လွတ်လပ်ခြင်းဟာ လက်ကိုင်ဆိုင်းဘုတ်တွေပေါ်မှာ …
လွတ်လပ်ခြင်းဟာ အွန်လိုင်းပေါ်မှာ …
လွတ်လပ်ခြင်းဟာ နဖူးစည်းတွေပေါ်မှာ …
လွတ်လပ်ခြင်းဟာ သေနတ်ပြောင်းဝမှာ …
လွတ်လပ်ခြင်းဟာ …
မှုတ်ထုတ်လိုက်တဲ့ စီးကရက်ငွေ့ကြားမှာ
ပြစ်ကနဲ ထွေးထုတ်လိုက်တဲ့ ကွမ်းတံထွေးထဲမှာ
နိုက်ကလပ်မှာ၊ ကေတီဗွီမှာ
အနှိပ်ခန်းမှာ၊ စင်တင်ဘီယာဘားမှာ…
………………………………….
ပြက္ခဒိန်တွေသာ နေ့စွဲတွေဖြစ်ခဲ့ရင်
ကျုပ်တို့ အသက်ရှူကြပ်ခဲ့တာ
ဘယ်နှစ်စုနှစ်လဲ … ။

ခုတော့ ကျွန်တော်တို့မှာ
မီးရှို့တဲ့ သူတွေရယ် …
တောကြောင်တွေရယ် ။


ထီဧလွင် 
၂၂ရက် စက်တင်ဘာ၊ ၂၀၁၃
(COO PAPER eMagazine ~ October, 2013)

ကြွက်တစ်ကောင်အကြောင်း



 “လူတွေဟာ သိပ်မုန်းဖို့ကောင်းတာပဲ အမေရာ …”
တတိယအကြိမ် အိမ်ပြောင်းရန်ပြင်ဆင်နေသည့် အမေ့ကို ကျွန်တော်လှမ်းပြောလိုက်သည်။ တကယ်တော့ အမေ့အတွက် အိမ်ပြောင်းရသည်မှာ သိပ်ဆန်းကြယ်လှသည့် ကိစ္စတစ်ခုမဟုတ်မှန်း ကျွန်တော် ကောင်းစွာသိရှိထားပြီးဖြစ်ပါသည်။ ကျွန်တော့်ကို မမွေးခင်ကတည်းက အမေသည် မကြာခဏဆိုသလို အိမ်ပြောင်းနေခဲ့ပြီးဖြစ်သည်။ ကျွန်တော့်အတွက်တော့ ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်သည်။
“သားရယ် … လူတွေကိုချည်း သွားအပြစ်တင်နေလို့မှမရပဲ၊ လောကမှာ သတ္တ၀ါတိုင်းက ကိုယ့်ရဲ့ အသက်ရှင်နေထိုင်မှုအတွက်တော့ အမျိုးမျိုးရုန်းကန်နေရတာချည်းပဲ …”

တွမ်တီဖက်စ် စင်ကျူရီ

ကန္တာရထဲ ရောက်နေတဲ့နောက်
နေရိပ်တာ ရပ်စောင့်ရကြေးဆို …
မိုးချုပ်သွားလိမ့်မယ် ။
လူစော်မနံမိတာကိုပဲ နှာခေါင်းရှုံ့ချင်ကြ
ဒီလောက် စမတ်ကျတဲ့ ခေတ်ကြီးမှာမှ
ကိုယ်က ခူယားကောင် သာသာ
(ခြေများသလောက် ခရီးမတွင်တဲ့ကောင်) ။
ဦးနှောက် မရှိတာချင်းအတူတူ
အရူးက အနေအစားချောင်တယ်
အဲဒီ့လို မဟာအတွေးအခေါ်နဲ့
ကိုယ့်ကိုယ်ကို ဆေးထိုးပစ်လိုက်ကြ …
တစ်နေ့တစ်ခြား ကိုယ်တွေပဲ ပိုမှောင်လာတယ် ။
အမုန်းတွေ အဆုပ်လိုက်ပွင့်အာရင်း
မနက်ခင်းတွေကို စုတ်ဖြဲပစ်ကြတယ်
နေပူပူအောက်မှာ ကတုံးတစ်သိုက်
ထိပ်ကွက်ခံဖို့ စောင့်နေကြလေရဲ့ ။

ထီဧလွင်
၁၆ ၊ ဂျူလိုင် ၊ ၂၀၁၃
(COO PAPER eMagazine ~ August, 2013)