တနင်္ဂနွေနေ့က
MICTDC မှာလုပ်ခဲ့တဲ့ Mobile Brain Storming Workshop ကိုသွားခဲ့တယ်။ စနေနေ့ညက မိုးအသားကုန်
ရွာထားတာကြောင့် ရန်ကုန်မြို့နေရာတော်တော်များများမှာ ရေလျှံနေကြတယ်လေ။ အဲဒီတော့ ပွဲကိုလာတဲ့လူက
မှန်းထားတာထက်နည်းတဲ့ပုံပါပဲ၊ ဘာလို့ဆိုတော့ ခုံတွေလည်း တော်တော်များများ လွတ်နေတယ်၊
နောက်ပြီး မုန့်တွေ၊ ရေဘူးတွေလည်း အများကြီးပိုတယ်။ အဲဒါကိုကြည့်ရင် မှန်းထားတဲ့လူထက်
လာတဲ့လူနည်းတယ်လို့ သိနိုင်ပါတယ်။ ထားပါတော့ အဓိကပြောချင်တာက အဲဒါမဟုတ်ဘူး။ ရာသီဥတုအကြောင်းပြောရအောင်လည်း
ကိုယ်က ဘာမှသိတာမဟုတ်ဘူး။ ပွဲက လူနည်းပေမယ့် Workshop ဆိုတော့ တစ်ဦးနဲ့တစ်ဦး ပြောကြတာ
အတော်လေးနားထောင်ကောင်းပါတယ်။
ကိုယ်ကတော့ ဘယ်ပွဲမှာမှ တစ်ခါမှထမပြောဖူးတာကြောင့် ဒီပွဲမှာလည်း
တော်တော်လေး ငြိမ်ပြီးတော့ပဲ နားထောင်ခဲ့တာပါပဲ။ ဒါတောင် MPU က အစ်မကြီးတစ်ယောက်က အတင်း
မိုက်ခရိုဖုန်းကြီး ထိုးပေးလို့ ကိုယ့်ကိုယ်ကို မိတ်ဆက်တာရယ်၊ ဘယ်လိုမျိုး Mobile
Apps တွေကိုစိတ်ဝင်စားလဲဆိုတာရယ်ကို ဖြေလိုက်ရသေးတယ်။
လာကြတဲ့ လူတွေကတော့
နည်းနည်းလေးနဲ့ကို အလွှာစုံတယ်လို့ပြောလို့ရတယ်ဗျ။ Technician တွေ၊ ဖုန်းဆိုင်ပိုင်ရှင်၊
Developer တွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသားတွေ နောက်တော့ တခြားစိတ်ဝင်စားတဲ့လူတွေ တော်တော်လေးစုံပါတယ်။
ကိုယ်တွေလို ဟိုစပ်စပ်ဒီစပ်စပ် ကောင်ကတော့ ကိုယ်ပဲရှိမယ်ထင်တယ်။ ဒါနဲ့ ပွဲစတယ်ပေါ့ဗျာ၊
ဒါတောင် စမယ်လို့ပြောထားတဲ့ အချိန်ထက် နာရီဝက်လောက်ခွာပြီးမှ စရတာဗျ မြန်မာလူမျိုးတွေရဲ့
စံတော်ချိန်အတိုင်းထင်ပါ့၊ ပြောမယ့်၊ဆွေးနွေးမယ့် လူကစောင့်လို့…. နားထောင်မယ့်လူက
အေးအေးဆေးဆေးပဲ……. ။အဲ ပွဲစတော့…. Yangon Heartz Media and Business Solution က မန်နေးဂျင်း
ကိုဇော်ဇော်မျိုးလွင်က အဖွင့်စကားပြောတယ်။ နောက်တော့ အားလုံးဝိုင်းဝန်းဆွေးနွေးကြတယ်ပေါ့ဗျာ….. ( အားလုံးထဲမှာ ကျွန်တော်မပါပါ )။ အဲ့လိုဆွေးနွေးတဲ့
အချိန်မှာ ဘေးမှာထိုင်နေတဲ့ ကျောင်းသားလေးတွေ၊ ကိုယ့်ထက်တော့ လူကောင်ကြီးကြတယ်ထင်တာပဲ၊
အဲဒီ့ ကောင်လေးတွေက အများဆုံးရှိမှ ၁၆၊ ၁၇ ပေါ့ ဒါပေမယ့် သူတို့ဝင်ဆွေးနွေးတာလည်း တော်တော်လေး
ကောင်းတယ်လို့ပြောရမှာပါပဲ။ သူတို့ဆိုရင် လက်ရှိ နည်းပညာအကြောင်းတွေကို တော်တော်များများ
လက်လှမ်းမီတယ်လို့ပြောရမယ်။ မိုဘိုင်းနည်းပညာတွေ အကြောင်းလည်း မဖန်တီးနိုင်သေးတာသာရှိမယ်၊
ဘယ် Platform ပေါ်မှာ ဘယ်လိုအလုပ်လုပ်တယ်၊ ဘာညာ သာတကာပေါ့ဗျာ….. တော်တော်ကိုသိကြတာဗျ။
အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်တွေအကြောင်းလည်း သိတယ်။ ဒါပေမယ့် သိတယ်ဆိုတာကတော့ တီးမိခေါက်မိရုံပေါ့ဗျာ၊
Professional တစ်ယောက်လိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ User တစ်ယောက်လိုတော့ တော်တော်များများ
သိထားသင့်သလောက်သိကြတယ်လို့ပြောတာပါ။ ဒါပေမယ့် အဲဒီ့လို မသိတဲ့လူတွေကလည်း ဒုနဲ့ဒေးရှိကြသေးတာ………
ကျွန်တော်တို့
၁၆၊၁၇ အရွယ်ကဆိုရင် အခုလို အင်တာနက်တွေ၊ ဖုန်းတွေ စသဖြင့်ပေါ့ မတိုးတက်သေးဘူးဗျ…..
မတိုးတက်သေးဘူးဆိုတာက ဒီမှာ ပြောတာ၊ သူများနိုင်ငံတွေမှာတော့ ကြာပေါ့……. အဲဒီ့အချိန်က
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းဆိုတာ ဇိမ်ခံပစ္စည်း တစ်ခုလိုပဲလေ။ ကိုယ်တွေလို တစ်နေ့မှ
မုန့်ဖိုး ၅၀၀ လောက်ရတဲ့သူတွေအတွက်ကတော့ အိပ်မက်ထဲမှာတောင် မမက်ဖူးဘူး၊ အိပ်ရေးပျက်လို့။
အဲဒီ့အချိန်တုန်းက အင်တာနက်ဆိုတာလည်း ထိုနည်းလည်းကောင်းပဲဗျ…… တစ်နာရီကို ၁၀၀၀၊ ၁၅၀၀
ပေးပြီးသုံးရတာ….. ပြီးရင် ဂျီမေးလ် မသုံးရဘူး၊ ဘာမသုံးရဘူးဆိုပြီး ပိတ်ထားတာလည်း ရှိသေးတယ်။
ဒါနဲ့ ရယ်စရာပြောရဦးမယ်ဗျ… အခုအချိန်မှာ အင်တာနက်သုံးတဲ့သူတွေကြည့်လိုက်ရင် ကလေး၊လူကြီး
အစုံရှိတယ်ဗျ။ ကလေးတွေအင်တာနက်လာသုံးလို့လည်း ဘယ်သူမှဘာမှမပြောတော့ဘူး။ ကျွန်တော် အင်တာနက်စသုံးဖြစ်တာက
ကျွန်တော်ရယ် ညီလေးရယ် ဖေဖေနဲ့ လိုက်သွားတာဗျ၊ ဗိုလ်အောင်ကျော်လမ်းထဲက ဆိုင်တစ်ဆိုင်ကို၊
နာမည်တော့ မပြောတော့ပါဘူး။ ဖေဖေကလည်း သုံးတတ်လို့မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ကြားဖူးနားဝရှိတာလေးတွေ
လျှောက်ကြည့်တာပေါ့…. ဖေဖေ့ ရည်ရွယ်ချက်က ကျွန်တော်တို့တွေကို ပညာရစေချင်လို့၊ အဲဒါကြောင့်လည်း
ကျွန်တော်တို့ကိုခေါ်ပြီး အင်တာနက်ဆိုင်ကိုသွားတာ။ ကျွန်တော်တို့ နေတာက မြောက်ဥက္ကလာ၊
သွားတဲ့ အင်တာနက်ဆိုင်က ဗိုလ်အောင်ကျော် လမ်းက၊ တစ်နာရီနီးပါးလောက်ကို ကားစီးရတာ၊ ဒါနဲ့
အဲဒီ့မှာ အင်တာနက်သုံးဖို့ လမ်းညွှန်တဲ့ အစ်ကိုကြီးက ပြောထားတယ် မှတ်ပုံတင်ယူသွားတဲ့၊
ဟိုမှာပေးရမယ်တဲ့။ အဲဒီ့တော့ ဖေဖေလည်း သူ့မှတ်ပုံတင်ကော ကျွန်တော်တို့မှတ်ပုံတင်ပါ
အိတ်ထဲထည့်ပြီး သွားတာပေါ့။ ဟိုရောက်တော့ သူတို့ကမေးတယ် အင်တာနက်သုံးမလို့လားတဲ့၊ ဟုတ်တယ်ပေါ့
အဲဒါနဲ့ မှတ်ပုံတင်ပါလားဆိုတော့ ပါတယ်ပေါ့၊ ဖေဖေက သူ့မှတ်ပုံတင်ကော၊ ကျွန်တော်တို့မှတ်ပုံတင်ပါ
ထုတ်ပေးလိုက်တယ်။ ခဏကြာတော့ တစ်ယောက်ကပြန်လာပြီး ကျွန်တော်နဲ့ ညီလေး ရဲ့ မှတ်ပုံတင်ကိုပြန်ပေးတယ်ဗျ၊ ၁၈ နှစ်မပြည့်လို့တဲ့၊
သူတို့ဆိုင်ရဲ့ Policy အရ ၁၈ နှစ်ပြည့်မှ အင်တာနက်သုံးရမယ်တဲ့။ ကျွန်တော့်စိတ်ထဲမှာတော့
၁၈ နှစ်အောက်မကြည့်ရဆိုတာ Adult Movie တွေကိုတောင် မြင်ယောင်မိသေးတယ်။ အဲဒါနဲ့ ဖေဖေတစ်ယောက်တည်းသုံးရတာပေါ့
ကျွန်တောတို့တော့ ဘေးကနေထိုင်ကြည့်ပေါ့။ ကျွန်တော့်ညီလေးက ကျွန်တော့်ထက်တောင် အင်တာနက်ဆိုတာကြီးကို
ပိုပြီးစိတ်ဝင်စားသေးတယ်။ တစ်နာရီလောက်ကြာတော့ ပျင်းသလိုရှိတာနဲ့ အပြင်ပဲထွက်ပြီးစောင့်နေလိုက်တယ်။
ဖေဖေနဲ့ ညီလေးကတော့ နောက်ထပ် ၁၅ မိနစ်လောက်ကြာမှ ထွက်လာကြတယ်။ အဲဒီ့လို အင်တာနက်ကို
စိတ်ဝင်စားတာ…….. နောက်ပိုင်းကျတော့လည်း အင်တာနက်ဆိုတာကို မသုံးမဖြစ်သုံးလာရတော့၊ သုံးလာရတဲ့
အလျောက် အင်တာနက်ဆိုတာကိုက မရှိမဖြစ်တဲ့အရာတစ်ခုကို ဖြစ်လာရော…. အင်တာနက်ကို စသုံးဖြစ်လာတော့
Google မှာသိချင်တာလေးတွေ ရှာတာဖွေတာ ဒီလောက်ပဲ။ အင်တာနက်နဲ့ Google ကို မကွဲဘူးဖြစ်နေတာ။
နောက်တော့ Email ရှိလားလို့ ခဏခဏအမေးခံရတော့ Email ရှိချင်လာတယ်။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို
အကူအညီတောင်းတော့ သူက Email တော့ မလုပ်တတ်ဘူးတဲ့၊ Gmail တော့ရမယ်တဲ့ ယူမလားတဲ့၊ ကြားကြားချင်းကတော့
စိတ်ညစ်သွားတယ်ဗျ၊ ငါလိုချင်တာက Email၊ သူလုပ်ပေးမှာက Gmail၊ သိပ်တော့မကြိုက်ချင်ဘူးပေါ့ဗျာ.
ဒါပေမယ့်လည်း လုပ်ခိုင်းလိုက်တယ်ဗျ၊ အဲဒီ့အချိန်တုန်းက
Gmail Account တစ်ခုရဖို့ကမလွယ်ဘူးလေ ရှိပြီးသားတစ်ယောက်ယောက်က လှမ်းပြီးလုပ်ပေးမှရတာဆိုတော့
၊ အဲဒီ့ လုပ်ပေးတဲ့ကောင်ကိုတောင် ကော်ဖီလိုက်တိုက်ရသေးတယ်။ ရတော့လည်း ဆိုင်တချို့က
ဂျီမေးလ် မသုံးရဆိုတဲ့ ဆိုင်းဘုတ်တွေတောင်ကပ်ထားသေးတာဆိုတော့ ကိုယ်သုံးတဲ့ ဂျီမေးလ်
ဆိုတာ မှောင်ခိုပစ္စည်းလိုလို၊ သုံးတဲ့သူကပဲ ဒုစရိုက်မှုကြီး တစ်ခုကို ကျူးလွန်နေသလို
ခိုးကြောင်ခိုးဝှက်သုံးရတာဗျ။ အဲ တော်တော်တောင်ပြောတာများသွားသလားမသိ၊ ကျွန်တော်တို့က
အဲဒီ့လိုခေတ်က လာခဲ့တဲ့ ကောင်ဆိုတော့ ကျွန်တော်တို့အချိန်တုန်းက ခုနက ပြောခဲ့တဲ့ ကျောင်းသားတွေလောက်မသိခဲ့
နားမလည်ခဲ့ ကြတာအမှန်ပဲဗျ။ သူတို့သာ ခုလိုနှုန်းနဲ့သွား ကျွန်တော်တို့အရွယ်လောက်ဆို
ခုခေတ်စကားနဲ့ ပြောရရင် ဖလန်းဖလန်း ဖြစ်နေမှာပဲ။ ဘာလို့ဆိုတော့ သိတာတွေများလာမယ်လေ၊
ဒီခေတ်ကို စာရေးဆရာတစ်ယောက်က သိလိုစိတ်ဆာလောင်နေတဲ့ခေတ် တဲ့ တော်တော်လှတဲ့ စကားဗျ။
ဟုတ်တယ်လေ Information ဆိုတာကဘာလဲ သတင်းအချက်အလက်လေ၊ သတင်းအချက်အလက်ဆိုတာ ဘာလုပ်ဖို့လဲ၊
သိဖို့လေ…… ကျွန်တော်တို့များများသိရင် များများအသုံးချလို့ရမှာပေါ့ မဟုတ်ဘူးလား။
အခုဆိုရင် မိုဘိုင်းဖုန်း၊
အင်တာနက် စသည်ဖြင့်ပေါ့လေ တွင်ကျယ်လာတဲ့အချိန်ကို ရောက်နေပြီလို့ပြောလို့ရတဲ့ အချိန်ကိုရောက်နေပြီလို့ထင်ပါတယ်။
ဒါတောင် အချို့ဆိုရင် ကိုယ့်ဖုန်းထဲမှာ Contact မမှတ်တတ်တာတို့၊ ငွေဖြည့်ကတ် မထည့်တတ်တာတို့
ခုထိကြားနေ၊ မြင်နေရတုန်းပါပဲ။ တစ်ခါတည်းလားဆိုတော့ မဟုတ်၊ အခါတိုင်းပါပဲ။ လုပ်ပြနေတုန်းကြည့်လားဆိုတော့လည်း
မကြည့်ဘူး၊ အဲဒါကို အဖြေရှာလိုက်ရင် သိလိုစိတ် နည်းနေသေးလို့ပါပဲ…. အဲဒါက မကျွမ်းကျင်တဲ့
အပိုင်း၊ ကျွမ်းကျင်တဲ့ သူများကျပြန်တော့လည်း မူပိုင်ခွင့်တွေ ဘာတွေညာတွေ ဘာမှနားမလည်၊
နားမလည်တာကလည်း မသိလို့ဗျ….. ခုခေတ်လူငယ်တွေ မိုဘိုင်းပစ္စည်းတွေ သုံးပြီး တစ်ယောက်နဲ့တစ်ယောက်
Share လုပ်နေကြတာက ခိုးချင်လို့ဆိုပြီး ခိုးနေကြတာမှမဟုတ်တာ….. တစ်ယောက်မှာရှိတဲ့
Application ဒါမှမဟုတ် သီချင်း ဒါမှမဟုတ် ဗွီဒီယို စသည်ဖြင့် Sharing လုပ်နေကြတာက ခိုးကူးနေကြတာလို့
သူတို့ကိုယ်တိုင်မသိပါဘူး။ ကိုယ့်မှာရှိတာကို သူငယ်ချင်းကတောင်းရင် မပေးဘူးကွာ ဒါမူပိုင်ခွင့်နဲ့
ငြိစွန်းနေတယ်လို့ ပြန်ပြောလို့ရတဲ့ ခေတ်လည်းမဟုတ်သေးဘူးလေ၊ ဆိုလိုတာက မသိကြသေးတာပါ၊
ဘာလို့မသိကြသေးတာလဲ လို့မေးရင် ဘာကိစ္စသိရမှာလဲလို့ ပြန်မေးမှာပါ သေချာပါတယ်။ သူတို့ကိုသိအောင်လည်း
ဘယ်သူမှမပြောကြပဲကိုး……. အဲ…..ဒါကတော့ မူပိုင်ခွင့်ကိစ္စပေါ့နော် Workshop မှာတောင်
အဲဒီ့ကိစ္စကိုဆွေးနွေးကြသေးတယ်။ အဲဒီ့ကိစ္စကလည်း သိအောင်လုပ်ပေးမှ သိမယ့်ကိစ္စပေါ့နော်။
ကိုယ့်ဘာသာ ဘာလို့သိအောင်မလုပ်တာလဲလို့ သွားပြောလို့လည်း မရပါဘူး။ ကျွန်တော်တို့ဆိုတာက
မျက်စိပိတ်၊နားပိတ် နေလာကြတာ ဘယ်လောက်တောင်ကြာနေပြီလဲလို့….. အဲဒီတော့ သိစေချင်ရင်
သိအောင်လုပ်ပေးရပါမယ် anyway ပေါ့…..
ပြောချင်တာကတော့
လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့ အရင်းအမြစ်၊ အသက်သွေးကြော၊ အနာဂတ်ခေါင်းဆောင် စသည်ဖြင့်
ခေါင်းစဉ်လှလှလေးတွေတပ်ပြီး ပြောနေကြရုံနဲ့ကတော့ ဘာမှဖြစ်မလာပါဘူး။ ဖြစ်လာအောင်တော့
တစ်ခုခုတော့လုပ်ကြရမှာပါ။ ဒါကတော့ မင်းပြောမှလားကွလို့ မပြောနဲ့လေ….. ၀ိုင်းဝန်းလုပ်ကြရမှာပါ။
ဘာပဲပြောပြော Mobile Brain Storming Workshop မှာ လူငယ်တွေရဲ့ တက်ကြွမှုကို မျက်မြင်တွေ့ခဲ့ရတာတော့
အမှန်ပါပဲ။ တက်ကြွလာကြရတာကလည်း အခုလိုပွင့်လင်းမြင်သာတဲ့ အချိန်ရောက်လာလို့ပါ။ လူငယ်တွေကလည်း
ခုလိုမျိုး သိလိုစိတ်ပြင်းပြ၊ လူကြီးတွေဘက်ကလည်း သိအောင် လမ်းဖွင့်ပေးမယ်ဆိုရင်…. ပြောပြောနေကြ
မဝေးတော့တဲ့အနာဂတ်ဆိုတာကြီးက နီးသထက်နီးလာမှာတော့ အမှန်ပါပဲ။
ပြီးပါပြီ။ အခုလို
တောင်ရောက်မြောက်ရောက် ရေးထားတဲ့ စာတွေကို ပြီးအောင်ဖတ်ပေးတဲ့ သင့်ကို အထူးကျေးဇူးတင်ရှိပါတယ်။
No comments:
Post a Comment