Pages

Wednesday, March 20, 2013

၁၀၀၂ ညမြောက် မှာ ပြောတဲ့ပုံပြင်


မိုးခါးရေ တစ်စက်ကို
လုသောက်ရဲတဲ့ လူဟာ
သူရဲကောင်း ဖြစ်တယ် …
အဲဒီ့လို အမှန်တရားကို လက်ခံဖို့
ကျွန်ုပ်တို့အားလုံး
အနာကျက်ဖို့ လိုတယ် ။

အလျှံတဟုန်းဟုန်းနဲ့
အခိုးတွေ ချောင်းချောင်းထွက်
ဆာလောင်တပ်မက် သူတွေကို
ရွှေပြည်အေး တရား ဟောစရာမလိုဘူး ။

လူသားဆန်မှုဆိုတာ 
‘ ငါ ’ ဆိုတာလောက်နားထောင်မကောင်းမှန်း
အခုထက် စောစောလေး ပိုသိခဲ့ရမှာ ။

မနက်ခင်းတိုင်း …
( မနက်ခင်းတိုင်း )
မိုးချုပ်ဖို့ ကြိုးစားခဲ့ကြတယ်ဆိုရင်
ကျွန်ုပ်တို့ ပြင်းပြင်းထန်ထန်
မှောင်ပစ်လိုက်ကြဖို့ ကောင်းတယ် …
ဟော … ဟိုမှာ အနက်ရောင်ကမ္ဘာတစ်ခု
ပြီးခါနီး ဆဲဆဲပေါ့
အမှောင်တွေတောင် ပြပြလေး မြင်နေရသေး ။

နောက်ဆုံးဖယောင်းတိုင်ကို …
မီးမှုတ်လိုက်ပါ ။
ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ကို
ကျွန်ုပ်တို့အားလုံး (အားလုံး) …
ဆုတောင်းလိုက်ကြရအောင် ။

ထီဧလွင်
၂၀ ရက် မတ်လ၊ ၂၀၁၃
(COO PAPER eMagazine ~ July 2013)