Pages

Thursday, August 2, 2012

၁၃၇၄ ခုနှစ် ဒုတိယ ၀ါဆိုလပြည့်


ဒီနေ့တစ်နေကုန် “ဘုရားမသွားဘူးလား” လို့ အမေးခံရတာ ဘယ်နှစ်ကြိမ်မှန်းကိုမသိဘူး။ ခဏခဏဆိုတော့ စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်တယ် “ငါက ဘုရားနဲ့ မတည့်ဘူးလို့” ……. ဘာပြန်ပြောတယ်မှတ်လဲ “မိုက်ရိုင်းလှချည်လား” တဲ့…..

ဒီကနေ့ဟာ ဗုဒ္ဓမြတ်စွာဘုရား ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦး ဟောကြားတော်မူခဲ့တဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးဆို မြန်မာပြည်အနှံ့ ဘုရားတော်တော်များများမှာ ဘုရားဖူးကြမယ့်လူတွေ မနည်းမနောရှိနေမှာ အသေအချာပါပဲ။ မယ်လမုဘုရားမှာတောင် ကားသွားလို့မရတဲ့အထိ စည်ကားနေတာကို တွေ့ခဲ့ရပါတယ်။ ဆိုတော့ကာ…. ခေါင်းထဲမှာ အတွေးတစ်ခုပေါ်လာတယ်ဗျ…… ဒီလူတွေ ကျန်တဲ့နေ့တွေတုန်းက ငါတို့ဗုဒ္ဓကို မေ့များနေကြသလားလို့……. နောက်ပြီး ၀ါဆိုလပြည့်နေ့မှာ ဘုရားသွားရမယ်လို့ ဗုဒ္ဓအဆုံးအမထဲမှာလည်း မတွေ့ဖူး၊ ဆရာတော်ကြီးတွေ ဟောကြတာလည်း မကြားနာဖူးပါဘူး။ ဒါပေမယ့် ၀ါတွင်းကာလရဲ့ ပထမဦးဆုံး ဥပုသ်နေ့ဖြစ်တဲ့အတွက်တော့ ဥပုသ်သီတင်းသီလဆောက်တည်ကြတာကတော့ ယုတ္တိပိုတန်ပါတယ်။
ကျွန်တော်တို့ ဂေါတမမြတ်စွာဘုရားရှင်ဟာ သတ္တ၀ါဝေနေယျများစွာကို မသေခြင်းတရား (၀ါ) နိဗ္ဗာန် သို့ရောက်အောင် လေးဆယ့်ငါးနှစ်၊ သက်တော်ရှစ်ဆယ်တိုင်တိုင် လမ်ညွှန်ပြသပေးတော်မူခဲ့ပါတယ်။ ဘာသာတရား ဆိုတာ အဆုံးအမလို့ ပြောကြပါတယ်။ အဲဒီလိုဆိုရင် ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမများပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ မသေခြင်းတရား အမတနိဗ္ဗာန်ဆိုတာ အချို့သောအယူဝါဒများကဲ့သို့ ထာဝရတည်ရှိခြင်း၊ ရှင်သန်ခြင်းကို ဆိုလိုတာမဟုတ်ပဲ ဖြစ်ပျက်သဘော၊ ဒုက္ခဆင်းရဲ၊ အိုနာသေ များ လုံးဝချုပ်ငြိမ်းနေသော သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာ သာသနာတော် ထွန်းလင်းတောက်ပဆဲဖြစ်နေတဲ့အတွက်၊ ဂေါတမမြတ်စွာရဲ့ သာသနာတော် တည်တံ့နေဆဲဖြစ်တဲ့အတွက် နိဗ္ဗာန်ရအောင် ကြိုးစားအားထုတ်နိုင်သေးတဲ့ ကာလပဲဖြစ်ပါတယ်။ အနှစ်ချုပ်အနေနဲ့ကတော့ ဂေါတမမြတ်စွာဘုရားရဲ့ အလိုဟာ နိဗ္ဗာန်ပါ။ အိုနာသေ ဆင်းရဲတို့ အမြဲချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ပါ။ ဒါကိုမသိပဲနဲ့တော့ ကြိုက်သလောက်ဘုရားရှိခိုးနေပါ၊ ဆုတောင်းနေပါ၊ သံသရာထဲက ထွက်နိုင်မှာမဟုတ်သေးပါဘူး။
တလောတုန်းက Facebook ပေါ်က ပို့စ်တစ်ခုမှာ တွေ့လိုက်ရပါတယ်။ မြတ်စွာဘုရားကိုရှိခိုးဦးချတယ်ဆိုတာ မြတ်စွာဘုရားရဲ့ ကိုးပါးသောဂုဏ်တော်တို့ကို ကြည်ညိုလေးစားလွန်းလို့ အလေးအမြတ် အရိုအသေပေးမှုပါ၊ ကိုးကွယ်တယ်ဆိုတာထက် ပိုပါတယ်၊ ကိုးကွယ်တယ်ဆိုတာက နတ်ကိုးကွယ်တယ်ဆိုရင် နတ်ဆီကတစ်စုံတစ်ရာ မျှော်လင့်ပြီးတော့ ဆုတွေတောင်းမယ်၊ နတ်ကကိုယ့်အလိုကို ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်တယ်၊ အဲဒါမျိုးကို ကိုးကွယ်တယ်လို့ခေါ်တယ်။ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တယ်ဆိုတာက ဗုဒ္ဓရဲ့အလိုတော်အတိုင်းဖြစ်တဲ့ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာအမှန်ဖြစ်သော နိဗ္ဗာန်ကိုရအောင်ကြိုးစားအားထုတ်ရမယ် လို့ဆိုလိုရင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက ပြောထားပါတယ်။ အဲဒီ့ ပို့စ်အောက်မှာ Comment ပေးထားကြတာ….. အဆိုပါဘုန်းတော်ကြီးကို ပုတ်ခတ်ပြောဆိုထားလိုက်ကြတာလေ…….. နောက်ပြီး Facebook ပေါ်မှာက ကိုယ်နဲ့ပနံသင့်တဲ့ပုဂ္ဂိုလ် ဒါမှမဟုတ် ကိုယ်အရမ်းသဘောကျလေးစားတဲ့ပုဂ္ဂိုလ်တစ်ယောက်က တစ်ခုခုပြောပြီဆို နောက်ကနေပြီး follow လိုက်ကြတဲ့ လူတွေကလည်း အများသားဆိုတော့ အဆိုပါဘုန်းတော်ကြီးခမျာ အမှန်အတိုင်းပြောလို့ လူအများရဲ့စကားနဲ့ အထုအထောင်းခံလိုက်ရရှာတယ်။ အဲဒီ့လိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကို ကြည့်လိုက်မယ်ဆိုရင် မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အများစုဟာ မိရိုးဖလာ၊ ပဏ္ဍိတာရာမ ဆရာတော်ကြီးရဲ့ စကားအတိုင်းဆို အဆံချောင်နေကြတဲ့ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြလို့ပါပဲ။
တကယ်တော့ မိမိယုံကြည်သက်ဝင်တဲ့ ဘာသာတရားတစ်ခုရဲ့ အခြေခံအနှစ်သာရကို ဘာမှန်းမသိပဲနဲ့ သူများယောင် လိုက်ယောင်၊ သူများလုပ် လိုက်လုပ်တတ်ကြတဲ့ လူတန်းစားတွေကြောင့် မှားယွင်းတဲ့ အယူအဆတွေ ပေါ်ထွက်လာရတာပဲဖြစ်ပါတယ်။ တကယ်တော့ ဘုရားကိုဝတ်ပြုရှိခိုးတာတောင် စိတ်ကကြည်ညိုတဲ့ သဒ္ဒါတရား ပါမှ ကုသိုလ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြတ်စွာဘုရားရဲ့ အဓိကအလိုက ရှိခိုးကန်တော့ခြင်း မဟုတ်ပါဘူး၊ အားထုတ်ကျင့်ကြံခြင်းပဲဖြစ်ပါတယ်။ ဒီလို လပြည့်နေ့မျိုးမှာမှ ဘုရားကိုသတိရတာမျိုးမဟုတ်ပဲနဲ့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃဂုဏ်တော်များကို အမြဲမပြတ်အောက်မေ့ရင် ဆင်းရဲခြင်းချုပ်ငြိမ်းရာအစစ် နိဗ္ဗာန်မာဂ်ဖိုလ်ကို ရအောင်ရောက်အောင် ကြိုးစားအားထုတ်နေသရွေ့ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်အစစ်ပါလို့ ပြောနိုင်ကြပါစေလို့ ဆန္ဒပြုရင်း………….

No comments: