Pages

Tuesday, January 28, 2014

ကိုယ်ပိုင် ပျောက်ဆုံးမှု


ကိုယ်ဟာ ပန်းချီကားတစ်ချပ်ပါ
ကိုယ့်ကိုယ်ကို စုတ်ချက်ကြမ်းကြမ်း ခြယ်မှုန်းပစ်ခဲ့ …
ဆိုရှယ်နက်ဝက် တစ်ခုစာလောက် လူသားဆန်ရင်းနဲ့ ။              

လမ်းချင်းမတူသူတွေ ဆုံကြတဲ့ပွဲမှာ
ကိုယ်ပါရောပြီး တံဆိပ်အကပ်ခံရ
ကြည့်လိုက်စမ်း … ဟိုမှာ …
ဒေါင်းအတောင်တွေနဲ့ လှလို့ပလို့ ။
ညသိပ်ထားတဲ့ အိပ်မက်အသိုးတွေ ထုတ်ပြောဖြစ်ကြ
ရက်လွန် စိတ်ကူးအသစ်စက်စက်တွေ ချရေးဖြစ်ကြ
ခေတ်သစ် အာရေဗီယံ ပုံပြင်တွေ ရွတ်ဖြစ်ကြ
အဲ့လို … အဲ့လို …
လူသားဆန်မှုကို ခမ်းခမ်းနားနား ပရိုမိုးရှင်းလုပ်ဖြစ်ကြ ။             

အရေခွံတွေ တစ်ထည်ပြီးတစ်ထည် လဲဝတ်လိုက်စမ်း
ခင်ဗျားရော ကျွန်တော်ပါ စစ်မှန်ကြောင်းပြဖို့
မျက်နှာဖုံးကိုယ်စီ တပ်ထားကြမယ် …
ကိုယ့်ကိုယ်ကို ပြန်ရေးဆွဲကြမယ် …
မသေသပ်တာက ပြဿနာမဟုတ်ဘူး
အရောင်ဆုံဖို့က အဓိက …
မေတ္တာတော်တေးထပ်တွေ သံပြိုင်ရွတ်ဆိုကြ …
အသက်ရှူသံတွေမှာ လူသားဆန်မှုတွေကပ်ပါနေရမယ်
ဆိုရှယ်နက်ဝက် တစ်ခုစာလောက်တော့
အရင်းကျေမှ ဖြစ်မယ် ။           

ထီဧလွင် 
၂၁ ရက် ဒီဇင်ဘာ ၂၀၁၃
(COO PAPER eMagazine ~ January, 2014)

Monday, January 27, 2014

ခြံစည်းရိုးနားက ည



ညဟာ သူ့အတွင်းသားကို
မြင်ရရုံ လှစ်ပြလိုက်တယ် ၊
ငါတို့ရဲ့ ဆန္ဒမှာ
ရမ္မက်မပါကြောင်း ….
အနည်းငယ် ရှင်းပြခွင့်ပြုပါ ။

တကယ်ဆို
အတောင်မစုံခင် ခဏခဏထပျံချင်တဲ့
စိတ်အစုံက လွဲလို့
ငါတို့မှာ အားအင်မရှိခဲ့ပါ …
အလကားနေရင်း ဘ၀ထဲကိုပဲ
ပြန်ချောင်းကြည့်နေရ ။
ဝင်သက်ထွက်သက်မှာ ကပ်ပါနေတဲ့
သက်ပြင်းတစ်ချက်စီကို …
ဖြည်းဖြည်းချင်း ရေတွက်ရင်း
တစ်ယောက်လုံးနဲ့ တစ်ရွာဆန်ချင်နေခဲ့ကြတာ ။

မိန်းမပျက်တစ်ယောက်လို …
ညဟာ သူ့ရဲ့ အတွင်းသားကို
လှစ်ပြလိုက်တယ် ၊
မနက်ခင်းအတွက် …
ဆန္ဒတွေ အထစ်ထစ်နဲ့ ။                  

ထီဧလွင်
နိုဝင်ဘာ ၂၁၊ ၂၀၁၃
(COO PAPER eMagazine ~ December, 2013)

ဖြစ်စဉ်



ရှိုက်ထုတ်လိုက်တဲ့ ထွက်သက်တွေထဲ
အိပ်မက်တွေ ပါပါသွားတယ် ။     

မှန်ကင်းမဖြစ်ခဲ့တဲ့ ထင်းချောင်းများ …
အစွမ်းကုန် မြို့ပြဆန်ခဲ့ကြတယ် ၊
ကျွန်တော်တို့ခေတ်မှာ
ကျွန်တော်တို့ဟာ ဇာတ်ပို့များသာ ။        

မြင့်မြင့်ကြံရင် ရိုးရိုးကျင့်နေရုံနဲ့ သိပ်အဆင်မချောနိုင်ဘူး
မနက်ဖြန်ဆိုတာ ………..
တတ်နိုင်သမျှ မစဉ်းစားဖို့ ကောင်းတယ် ၊
ဘ၀ဆိုတာ လူနဲ့ ဟာမိုနီဖြစ်လွန်းလို့ မကောင်းတဲ့အရာ ။  

လူတွေဟာ လူတွေကို
လူတွေအတွက်ပဲ စွန့်ထုတ်ပစ်လိုက်ကြ ………
ကျွန်တော်တို့ အသက်ရှူတတ်ခဲ့ကြတယ် ၊
ကျွန်တော်တို့ အရေထူခဲ့ကြတယ် ၊
ကျွန်တော်တို့ အိပ်ရေးဝခဲ့ကြတယ် ၊
တစ်ဆက်တည်း …
ကျွန်တော်တို့ လူသားဆန်ဆန် လူဖြစ်ခဲ့ကြတယ် ။            


ထီဧလွင် 
၂၇ ရက် အောက်တိုဘာ ၂၀၁၃ 
(COO PAPER eMagazine ~ November, 2013)