ကိုယ်ဟာ ပန်းချီကားတစ်ချပ်ပါ
ကိုယ့်ကိုယ်ကို
စုတ်ချက်ကြမ်းကြမ်း ခြယ်မှုန်းပစ်ခဲ့ …
ဆိုရှယ်နက်ဝက်
တစ်ခုစာလောက် လူသားဆန်ရင်းနဲ့ ။ ။
လမ်းချင်းမတူသူတွေ
ဆုံကြတဲ့ပွဲမှာ
ကိုယ်ပါရောပြီး
တံဆိပ်အကပ်ခံရ
ကြည့်လိုက်စမ်း
… ဟိုမှာ …
ဒေါင်းအတောင်တွေနဲ့
လှလို့ပလို့ ။
ညသိပ်ထားတဲ့
အိပ်မက်အသိုးတွေ ထုတ်ပြောဖြစ်ကြ
ရက်လွန် စိတ်ကူးအသစ်စက်စက်တွေ
ချရေးဖြစ်ကြ
ခေတ်သစ် အာရေဗီယံ
ပုံပြင်တွေ ရွတ်ဖြစ်ကြ
အဲ့လို …
အဲ့လို …
လူသားဆန်မှုကို
ခမ်းခမ်းနားနား ပရိုမိုးရှင်းလုပ်ဖြစ်ကြ ။ ။
အရေခွံတွေ
တစ်ထည်ပြီးတစ်ထည် လဲဝတ်လိုက်စမ်း
ခင်ဗျားရော
ကျွန်တော်ပါ စစ်မှန်ကြောင်းပြဖို့
မျက်နှာဖုံးကိုယ်စီ
တပ်ထားကြမယ် …
ကိုယ့်ကိုယ်ကို
ပြန်ရေးဆွဲကြမယ် …
မသေသပ်တာက
ပြဿနာမဟုတ်ဘူး
အရောင်ဆုံဖို့က
အဓိက …
မေတ္တာတော်တေးထပ်တွေ
သံပြိုင်ရွတ်ဆိုကြ …
အသက်ရှူသံတွေမှာ လူသားဆန်မှုတွေကပ်ပါနေရမယ်
ဆိုရှယ်နက်ဝက်
တစ်ခုစာလောက်တော့
အရင်းကျေမှ
ဖြစ်မယ် ။ ။
၂၁ ရက် ဒီဇင်ဘာ ၂၀၁၃
(COO PAPER eMagazine ~ January, 2014)
No comments:
Post a Comment