Pages

Wednesday, October 2, 2013

ကြွက်တစ်ကောင်အကြောင်း



 “လူတွေဟာ သိပ်မုန်းဖို့ကောင်းတာပဲ အမေရာ …”
တတိယအကြိမ် အိမ်ပြောင်းရန်ပြင်ဆင်နေသည့် အမေ့ကို ကျွန်တော်လှမ်းပြောလိုက်သည်။ တကယ်တော့ အမေ့အတွက် အိမ်ပြောင်းရသည်မှာ သိပ်ဆန်းကြယ်လှသည့် ကိစ္စတစ်ခုမဟုတ်မှန်း ကျွန်တော် ကောင်းစွာသိရှိထားပြီးဖြစ်ပါသည်။ ကျွန်တော့်ကို မမွေးခင်ကတည်းက အမေသည် မကြာခဏဆိုသလို အိမ်ပြောင်းနေခဲ့ပြီးဖြစ်သည်။ ကျွန်တော့်အတွက်တော့ ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်သည်။
“သားရယ် … လူတွေကိုချည်း သွားအပြစ်တင်နေလို့မှမရပဲ၊ လောကမှာ သတ္တ၀ါတိုင်းက ကိုယ့်ရဲ့ အသက်ရှင်နေထိုင်မှုအတွက်တော့ အမျိုးမျိုးရုန်းကန်နေရတာချည်းပဲ …”

“ဟုတ်တော့လည်း ဟုတ်ပါရဲ့ … နို့ပေမယ့် ကျွန်တော်တို့ရဲ့ ရှင်သန်ရပ်တည်မှုက သင်းတို့ကို ဘယ့်နှယ်ဒုက္ခတွေများ ပေးမိနေလို့လဲဆိုတာတော့ တွေးမတတ်တော့ဘူး …”
ကျွန်တော့်စကားထဲမှာ ဒေါသသံတွေပါနေမှန်း အမေကောင်းကောင်းကြီး ရိပ်မိပါသည်။
“အချိန်တန်တော့လည်း သား သဘောပေါက်လာမှာပါ… သတ္တ၀ါတစ်ခုစီဟာ ကိုယ့်ရဲ့ကိုယ်ပိုင် ရှင်သန်မှုအတွက် မနေမနားရုန်းကန်နေကြရတယ် ဆိုတာရယ်၊ ကိုယ့်ရှင်သန်ရပ်တည်မှုအတွက် လှုပ်ရှားနေကြရင်း တခြားကိစ္စတွေကို သိပ်စဉ်းစားမနေနိုင်ဘူး ဆိုတာရယ် … ပေါ့”
အမေ့စကားကို ကျွန်တော်နားမလည်ပါ၊ နားလည်အောင်လည်း မကြိုးစားချင်ပါ၊ ကျွန်တော့်စိတ်ထဲမှာတော့ ဒီလူတွေကို အရမ်းမဟုတ်တောင် အနည်းအကျဉ်းတော့ မုန်းစပြုနေမိပါသည်။
ကျွန်တော်တို့ သားအမိသည် လူတို့၏အခေါ်အဝေါ်အရ ကြွက် ဟူသည့်သတ္တ၀ါများဖြစ်ကြသည်။ ကျွန်တော်နှင့်အတူ နောက်ထပ်မွေးချင်း လေးကောင်ရှိသေးကြောင်း၊ မွေးကင်းစအရွယ်မှာပင် အသိုက်(အိမ်)ပြောင်းရင်း သေဆုံးသွားခဲ့ကြကြောင်းကို အမေ့ပြောပြချက်များအရ ကျွန်တော်သိခဲ့ရသည်။ ကျွန်တော်သည် ကျွန်တော်ကိုယ်တိုင် မမြင်ဖူးလိုက်သော မွေးချင်းများကို အလွန်သနားမိသည်။ သူတို့ခမျာ ကြွက်ဟူသော အနှစ်အရသာကို ဘာမှမသိလိုက်ခင်မှာပင် သေဆုံးသွားခဲ့ကြရသောကြောင့်ပင်ဖြစ်သည်။ သို့သော် ၎င်းတို့ကို တမ်းတပြီး မည်သည့်အခါမျှ မငိုကြွေးဖူးပါချေ။ လူများ ကဲ့သို့ အမှတ်တရ ဓာတ်ပုံများလည်း မရှိသောကြောင့် အားတိုင်းထုတ်ကြည့်စရာလည်း ဘာမှမရှိ၊ အမေ့စကားကြောင့်သာ ၎င်းတို့ရှိခဲ့ကြောင်းကို သိခဲ့ရခြင်းဖြစ်သည်။ အသိုက်ပြောင်းရင်း သေဆုံးခဲ့ကြသည်ဆိုသည်မှလွဲ၍ ဘယ်သို့ဘယ်ပုံဖြစ်ခဲ့ကြသည်ကိုလည်း အမေက ရှင်းမပြခဲ့ဖူးသလို၊ ကျွန်တော်ကလည်း ဘယ်သောအခါမျှမမေးမိခဲ့ပါချေ။ အမေ့ကို အတိတ်ကအနာတွေပြန်သတိမရစေချင်၍မဟုတ်၊ ကျွန်တော်ကိုယ်တိုင်လည်း သိလိုစိတ်မပြင်းပြသောကြောင့်ပင်ဖြစ်သည်။ အမေသည်လည်း သူတို့ကိုသနားသည် ဆိုသည်မှတစ်ပါး ဆောက်တည်ရာမရ လွမ်းဆွတ်နေခြင်းမျိုးလည်း ဘယ်သောအခါမှ မပြခဲ့ဖူးပေ။ သို့ရာတွင် ကျွန်တော့်စိတ်ထဲတွင်တော့ အသိုက်ပြောင်းရသည့်အကြောင်းရင်းသည် လူတို့ကြောင့်မှတစ်ပါး အခြားမရှိနိုင်ဟု ကောင်းစွာနားလည်ထားပါသည်။
“အခုပြောင်းမှာက သိပ်အဝေးကြီးမဟုတ်ပါဘူးသားရယ်၊ ဟိုပန်းကန်စင်နားက ဆန်တိုင်ကီအနောက်တင်ပါ။ အဲ့ဒီနေရာမယ် အမေတို့ကိုသိပ်သတိထားမိဖို့မလွယ်လှပါဘူး …” အမေက ကျွန်တော့်ကို စိတ်မပျက်စေရန် ပြောပါသည်။ ဝေးသည်နီးသည်ဖြစ်စေ ကျွန်တော့်အဖို့တော့ ဘယ်သူ့ကိုမှဒုက္ခမပေးခဲ့ပါပဲ ယခုကဲ့သို့ လူတွေကိုရှောင်တိမ်းနေရသည့် ဘ၀ကိုငြီးငွေ့နေလှပါပြီ။
“ဆန်တိုင်ကီနောက်ဆိုတော့ ကျွန်တော်တို့ စားစရာသိပ်ဝေးဝေးကြီး သွားရှာစရာမလိုတော့ဘူးပေါ့ နော် …” ကျွန်တော်က အမေ့ကို မေးလိုက်သည်။
“မဟုတ်သေးဘူးသားရဲ့ … ဆန်တိုင်ကီက အမြင့်ကြီးရယ် … နောက်ပြီး သံနဲ့လုပ်ထားတော့ အမေတို့သွားတွေနဲ့ ကိုက်ဖောက်ဖို့လည်း အဆင်မှမပြေတာ၊ စားစရာကတော့ ထုံးစံအတိုင်းရှာမြဲရှာရမှာပဲလေ …”
အမေ့စကားကို ကျွန်တော်ဘ၀င်မကျလှပါ။ ကျွန်တော်တို့ ကြွက်များ၏သွားသည် မည်မျှမာကျောသည့် အရာကိုမဆို ကိုက်ဖောက်ဖျက်ဆီးနိုင်သည့် အစွမ်းသတ္တိရှိကြောင်း ကျွန်တော်သိသည်။ ဆန်တိုင်ကီ အဘယ်မျှမာကျောလှသည်ဖြစ်စေ … ကိုက်ဖောက်လို့ရကိုရမည်ဟု ကျွန်တော်ယုံကြည်ထားသည်။
အသိုက် အရွှေ့အပြောင်းလုပ်ရတာ တော်တော်ပင်ပန်းပါသည်။ နေစရာနေရာအတွက် လူတို့စွန့်ပစ်ထားသော အမှိုက်များကိုရှာဖွေရသည်မှာလည်း အခေါက်ပေါင်းမရေနိုင်အောင် ဟိုဟိုဒီဒီလျှောက်သွားရသည်။ အမေနှင့် ကျွန်တော်တို့ တစ်နေ့ခင်းလောက်ကြိုးစားလိုက်ကြရာ ဆန်တိုင်ကီ၏အနောက်ဘက်ချောင်တစ်ခုတွင် ကျွန်တော်တို့သားအမိ နေစရာလေးတစ်ခုကို အဆင်ပြေပြေဖန်တီးမိပြီးသားဖြစ်သွားသည်။ နေရာတစ်ခုပြောင်းတိုင်း ကျွန်တော်တို့အဖို့ လမ်းကြောင်းမှတ်ရသော အလုပ်တစ်ခုပိုတိုးလာပါသည်။ အမေက ကျွန်တော့်ကိုစိတ်မချသေးတာကြောင့် အစပိုင်းမှာတော့ သူကိုယ်တိုင်စားစရာရှာဖွေပေးမည်ဟု ပြောပါသည်။ သို့သော် ကျွန်တော်ကတော့ အမေ့ကို မပင်ပန်းစေချင်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ရှာဖွေစားသောက်နိုင်သည့်အရွယ် ရောက်နေပြီဖြစ်သဖြင့် တတ်နိုင်သလောက် ကိုယ့်ဘာသာကိုယ် ရှာဖွေလိုပါသည်။ ကျွန်တော်တို့ အသိုက်ခဏခဏပြောင်းနေရသောလည်း ကျွန်တော်တို့သည် အိမ်ကြီးတစ်ခုအတွင်းသာ လှည့်လည်နေကြခြင်းဖြစ်ကြောင်းအမေက ပြောပြဖူးပါသည်။ ဖြစ်နိုင်လျှင် ကျွန်တော်သည် အမေ့ကိုခေါ်ပြီး ခုလောက်မကြာခဏနေရာပြောင်းနေရသည့် ဒီအိမ်ကြီးကိုပါ စွန့်ခွာပြီး ထွက်သွားလိုပါသည်။ ထို့ကြောင့် ဒီတစ်ခေါက် အမေအစာရှာထွက်လျှင် ဒီအိမ်ကြီး၏အပြင်ဘက်ကို ထွက်၍လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်ပါသည်။

မြေကြီးပေါ်နင်းမိလိုက်သည်နှင့် ကျွန်တော်တို့ နေထိုင်သောအိမ်ပေါ်ရှိ ကြမ်းခင်းဆိုသောအရာနဲ့ မတူသောခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ မြေကြီးသည် အနည်းငယ်အေးစက်သည်၊ သိပ်ပြီးလည်း မာကျောသည့်သဘောမတွေ့ရ၊ ထို့ပြင် ကျွန်တော်မြင်တွေ့နေကျ အရာများနှင့် မတူသော အရာများကိုပါ မျက်စိရှေ့တွင် မြင်တွေ့နေ့သည်။ ပြင်ပလေသည် ပိုအေးသည်ဟုထင်သည်၊ ပြင်ပတွင်ရှိနေသော ကောင်းကင်သည် ကျွန်တော်မြင်ဖူးနေကျထက် ပို၍ကျယ်ပြောသည်၊ ရဖူးနေကျမဟုတ်သည့် အနံ့အသက်အချို့ပင် ရနေသည်ဟု ခံစားနေရသည်။
ရုတ်တရက်ဆိုသလို ကျွန်တော့်အနောက်ကို ဖြတ်သန်းတိုက်ပြေးသွားသော အထိအတွေ့နှင့် စူးဝါးလှသော အသံကြောင့် လှည့်ကြည့်လိုက်မိသည်။ ကျွန်တော်တို့အမျိုးတူ သတ္တ၀ါတစ်ကောင်က မျက်လုံးပေါက်ကျဉ်းကျဉ်းဖြင့် ကျွန်တော့်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သင်းကြည့်ရတာ ကျွန်တော်တို့မျိုးတူလို့သာ ပြောရတယ် အတော်အတန်ရုပ်ဆိုးနေသည်ဟု ထင်ရသည်၊ ကိုယ်လုံးကလည်း ကျွန်တော်နဲ့မတူ ပြားကပ်ကပ်၊ အသံကလည်း ကျွန်တော်တို့လိုသာ ခပ်ဆင်ဆင်ရှိသော်လည်း သူ့အသံက ပိုပြီးစူးရှလှသည်ဟု ထင်ရသည်။ အရောင်အဆင်းကလည်း မွဲခြောက်လှသည်။ ကျွန်တော်က အံ့ဩကြီးစွာဖြင့်
“ခင်ဗျားက ကြွက်လား …”
“ဒါပေါ့ကွ … မင်းကလည်း နည်းနည်းပါးပါးရှေ့နောက်မကြည့်ဘူး၊ ငါဒီလောက် အသံပေးပြီးလာတာမကြားဘူးလား …” မောသံပါပါဖြင့် ပြန်မေးသည်။ သူ့ကြည့်ရတာ တစ်စုံတစ်ခုကို ထိတ်လန့်နေသလိုဖြစ်နေသည်။ ကျွန်တော့်မှာမူ မြေကြီးပေါ်ပထမဆုံး နင်းရသည့်ခံစားချက်ကို အပြည့်အ၀ခံစားနေခိုက်ဖြစ်၍ သူ့အသံကို သတိမမူခဲ့မိခြင်းဖြစ်နိုင်သည်။
“ဆောရီးဗျာ … ကျွန်တော် မြေကြီးရဲ့အရသာကိုခံစားနေတုန်းဆိုတော့ ခင်ဗျားအသံကို သတိမထားလိုက်မိဘူး”
“ဩော် … မင်းတို့အိမ်ကြွက်တွေကလည်း မြေကြီးတွေစားနေကြပြီပေါ့ …”
“ဗျာ … ဘာရယ် … မစားပါဘူးဗျ”
“နို့ … ခုနက မင်းပြောတော့ မြေကြီးရဲ့ အရသာခံစားနေတာဆို …”
“အဲဒါလား … မြေကြီးပေါ် ပထမဆုံးနင်းရတဲ့ အရသာကို ပြောတာပါ … ဒါနဲ့ … ခင်ဗျား က ကျုပ်တို့ အိမ်ကြွက်တွေလို့ ပြောလိုက်တာနော် … တခြားကော ဘာကြွက်တွေရှိသေးလို့လဲ ”
“အမ် … ” ၎င်းက အံ့ဩစွာရေရွတ်လိုက်ပြီး “မင်းကြည့်ရတာ ခုမှမြေကြီးပေါ်နင်းဖူးတာဆိုတော့ အိမ်ပေါ်ကနေအိမ်အောက်မဆင်းဘူးသေးတဲ့ အိမ်ကြွက်ပဲဖြစ်ရမယ် … အင်း … တခြားကြွက်တော့ရှိတာပေါ့ကွ … ငါ့ကိုပဲကြည့်လေ … ငါက မင်းလို အိမ်ကြွက်မဟုတ်ဘူး၊ ငါက ကြွက်စုတ် …”
အသံထွက်မရယ်မိအောင်မနည်းထိန်းလိုက်ရသည်။ ဘာတဲ့ … ကြွက်စုတ် … တစ်ခါတစ်လေ အိမ်ရှင်တွေပါးစပ်က ကျွန်တော်တို့ကို ကောင်းချီးပေးသလိုထွက်လာတဲ့ အသံပေပဲ။ ဒီကြွက်နှယ် … ကိုယ့်ကိုယ်ကို ကြွက်စုတ် တဲ့…။ သူက ရယ်ကျဲကျဲဖြစ်နေတဲ့ ကျွန်တော့်ကိုကြည့်ပြီး …
“မင်းကြည့်ရတာ ငါပြောတဲ့အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ဟာသလိုသဘောထားနေပုံရတယ် … ဒါပေမယ့် အဲဒါအမှန်ပဲ ငါတို့ကို လူတွေခေါ်တာ ကြွက်စုတ်၊ မင်းတို့က အိမ်ကြွက်၊ နောက်ပြီး မြေကြွက်ဆိုတာလည်းရှိသေးတယ်၊ အဲဒီ့ကောင်တွေကတော့ မင်းတို့လိုပုံစံပဲ၊ ဒါပေမယ့် အကောင်တော်တော်ကြီးကြတယ်၊ နောက်ပြီး မင်းတို့အိမ်ကြွက်နဲ့ ပုံစံချင်းတူတဲ့ ကြွက်ဖြူတွေလည်း ရှိတယ် … ဒါနဲ့ ဟိုးတစ်လောက နိုင်ငံခြားကလာတဲ့ အိမ်ကြွက်တစ်ကောင်ဆို အရောင်ကစပ်ကြားနဲ့ အတော်လှတာပဲ …”
သူပြောသွားတဲ့ကြွက်မျိုးတွေကို ကျွန်တော်ထူးဆန်းစွာနဲ့ နားထောင်မိနေပါသည်။
“ခင်ဗျား ပြောမှကြွက်မျိုးတွေ အဲဒီလောက်ပေါမှန်းသိတော့တယ်၊ နောက်ပြီး နိုင်ငံခြားဆိုတာကိုတော့ ကြားဖူးတယ်၊ တစ်ခါက အမေ ချောကလက်တွေယူလာတုန်းက နိုင်ငံခြားကလာတဲ့ မုန့်လို့ပြောဖူးတယ်ဗျ၊ နိုင်ငံခြားကကြွက်က ဒီအထိတောင်ရောက်လား …”
“အင်း … သူ့သခင် သင်္ဘောသားနဲ့ပါလာတာလို့ပြောတာပဲ … အစားတော့ကောင်းကောင်းစားရပါရဲ့ … ဒါပေမယ့် သူ့ခမျာလည်း လှောင်ချိုင့်ထဲပိတ်မိနေရှာတယ်”
“နေပါဦး ခင်ဗျားက အလောတကြီးပြေးထွက်လာတာဆိုတော့ အထဲမှာ ဘာဖြစ်ခဲ့လို့လဲ …”
“အထဲမှာ ဘာမှမဖြစ်ပါဘူးကွာ … ငါတို့က အိမ်ထဲနေတတ်တဲ့ကောင်တွေမဟုတ်ဘူးကွ … ခဏလာတာ၊ နောက်ပြီး ကြာကြာမနေရဲပါဘူးကွာ၊ ငါတို့က မြေကြီးမှာပဲနေတတ်တာဆိုတော့ အိမ်ထဲရောက်တဲ့အခါ ခုလိုမျိုး မြန်မြန်ဆန်ဆန် ရှာစရာရှိတာရှာပြီး ပြေးထွက်လာတတ်တာပဲ၊ ဘာကြောင့်ရယ်တော့ မဟုတ်ပါဘူး”
“ခင်ဗျားဘ၀က ပိုလွတ်လပ်တာပေါ့ … ဒီလောက်ကောင်းတဲ့ မြေကြီးပေါ်မှာနေရတာဆိုတော့”
“ထင်လို့ပါကွာ … သူ့ဟာနဲ့သူတော့ လွယ်ကူလှတယ်မရှိပါဘူး၊ ရုန်းရကန်ရတာ … ကဲ သွားမယ်ကွာ ငါ့မှာလည်း အချိန်က သိပ်မရှိဘူးရယ်၊ မင်းလည်း ခုမှအပြင်ထွက်တာဆိုတော့ သတိလေးထားဦး သဘာဝကို အဲဒီ့လောက်ကြီးခံစားနေဖို့ဇာတာ မင်းတို့ငါတို့မှာ သိပ်ပါတာမဟုတ်ဘူး” ပြောပြောဆိုဆိုနှင့် ထွက်ပြေးသွားလေသည်။
“ဒီကြွက် ဘာတွေများအလုပ်ရှုပ်နေလဲမသိ၊ လောလောလောလောနဲ့ အိမ်လေးတောင်အလည်ခေါ်ဖော်မရဘူး” ကျွန်တော် နှုတ်မှရေရွတ်လိုက်မိသည်။ ကျွန်တော်လည်း ဆက်လက်ထွက်ခွာလာခဲ့လိုက်သည်။ သိပ်လည်း ဝေးဝေးမသွားရဲ၊ အိမ်မပြန်တတ်မှ ဒုက္ခရောက်နေမည်။ မည်သို့ပင် လမ်းကြောင်းကိုမှတ်လာခဲ့သည် ဆိုဦးတော့ မတော်တဆဆိုတာလည်း ရှိနိုင်သေးသည်မဟုတ်ပါလား။ လမ်းမမှားအောင်သတိထားပြီး လျှောက်လာလိုက်တာ နှာခေါင်းထဲ အနံ့တစ်မျိုး ၀င်လာသဖြင့်အနံ့လာရာဘက်ကို သတိထားလိုက်ရာ ကျွန်တော်လျှောက်နေသည့် လမ်းဘေးနားဆီက သစ်သားပုံပေါ်မှဖြစ်နေကြောင်းသိရသဖြင့် အသာလေး သစ်သားပုံပေါ်တက်သွားကြည့်လိုက်မိသည်။
“အားပါး … နည်းတဲ့ကြွက်ကြီးမဟုတ်ပါလား၊ ခုနက ကိုကြွက်စုတ်ပြောတဲ့ မြေကြွက်ဆိုတဲ့ အကောင်ပဲဖြစ်ရမယ်၊ လှတာတော့ လှသားပဲ စိုစိုပြေပြေနဲ့ ” တစ်ကိုယ်တည်း ရေရွတ်ရင်းကြည့်နေမိသည်။ မြေကြွက်ကြီးကတော့ ကျွန်တော့်ကို သတိထားမိဟန်မတူပဲ တစ်ခုခုကို အပူတပြင်းရှာဖွေနေဟန်ရှိလေသည်။ ကြည့်နေရင်း ရုတ်တရက် ကျွန်တော်ခြေချော်ကျသွားမလို ဖြစ်သွားသဖြင့် မနည်းပြန်ထိန်းလိုက်ရသည်။ သို့သော် မြေကြွက်ကြီးကတော့ ကျွန်တော့်ကို သတိထားမိသွားပြီဖြစ်သည်။ ထို့နောက် အငြိုးကြီးစွာဖြင့် ရန်သူကို တွေ့လိုက်သည့်အလား ကျွန်တော့်ကို ရန်ပြုမည့်ဟန်ဖြင့် အတင်းပြေးလိုက်လေတော့သည်။ ဆောက်တည်ရာမရ ပြေးလာသည့် ဧရာမသတ္တ၀ါကြီး၏ရန်မှ လွတ်ရန်အတွက် ကျွန်တော် အသက်လုပြေးရလေတော့သည်။ တော်သေးသည်က ဤမျှလောက်အသည်းအသန်ပြေးနေရသည့်ကြားမှပင် ကျွန်တော်သည် ကျွန်တော်ထွက်လာခဲ့သောအပေါက်သို့ ရောက်အောင်ပြေးနိုင်ခြင်းပင်ဖြစ်သည်။ အိမ်ထဲပြန်ရောက်သည့်အခါမှ ကျွန်တော်အမောဖြေရတော့သည်။ ကြွက်မျိုးနွယ်ချင်းတူပါလျက် ကိုကြွက်စုတ်ကျတော့ အရုပ်ဆိုးသော်လည်း ကျွန်တော့်ကို ခင်ခင်မင်မင် ဖော်ဖော်ရွေရွေဖြင့် စကားစမည်ပြောဖော်ရသော်လည်း၊ ဒီမြေကြွက်ကြီးကျတော့ အဘယ့်ကြောင့် ကျွန်တော့်ကို ရန်ပြုရန်အတင်း လိုက်လာရသနည်းဟု ကျွန်တော် တအံ့တဩဖြစ်ရလေသည်။ သိပ်ကြာကြာမအံ့ဩလိုက်ရ ကျွန်တော်အိမ်ကထွက်လာတာ တော်တော်ကြာနေပြီဖြစ်သဖြင့် အမေတော့ စိတ်ပူနေလောက်ပေပြီ။ အိမ်သို့ သွက်သွက်လေး ပြန်လာခဲ့လိုက်သည်။ အိမ်ရောက်တော့ အမေက စားစရာတွေနှင့်အတူ ကျွန်တော့်ကို စောင့်နေလေသည်။
အမေက တစ်ခွန်းမှမဆူသည့်အပြင် ပထမဆုံးအိမ်ပြင်ထွက်ရသည့် ခံစားချက်ကို စိတ်ဝင်တစားမေးနေသဖြင့် ကျွန်တော်ကလည်း စိတ်လှုပ်ရှားစွာဖြင့် မြေကြီးပေါ်တွင်လျှောက်ရသည့် ခံစားချက်၊ ပြင်ပလေ၏အထိအတွေ့နှင့် ကြုံတွေ့ခဲ့ရသော ကြွက်နှစ်ကောင်အကြောင်းကို ပြောပြလိုက်သည်။ ကိုကြွက်စုတ်နှင့် စကားစမည်ပြောခဲ့ပုံနှင့် မြေကြွက်ကြီးက လိုက်လံတိုက်ခိုက်ပုံတို့ကို အားပါးတရ ပြန်ပြောပြလိုက်လေသည်။ အမေကတစ်ဖန် ကျွန်တော်တို့အမျိုးမှာ အိမ်ပေါ်များတွင်သာနေသည့် အမျိုးဖြစ်သဖြင့် မြေကြီးပေါ်တွင် တာရှည်စွာမနေနိုင်ကြောင်းဦးစွာပြောပြီး
“အင်း သားတွေ့ခဲ့တဲ့ ကြွက်စုတ်က သဘောကောင်းတယ်ဆိုပြီး ကြွက်စုတ်တွေအားလုံးလည်း တူတူပဲလို့ မထင်လိုက်နဲ့ဦး၊ ဒီလိုပဲ … လောကကြီးမှာ ကောင်းတဲ့သူ၊ မကောင်းတဲ့သူဆိုတာက ဘယ်အမျိုးအနွယ်နဲ့မှ မဆိုင်ဘူး၊ တစ်ဦးချင်းစီနဲ့ပဲဆိုင်တယ် ငါ့သားရဲ့ … နောက်ပြီး မြေကြွက်တွေအားလုံးကိုလည်း ရန်လိုတဲ့သတ္တ၀ါတွေလို့ တစ်ပုံစံတည်း သွားမြင်မနေနဲ့၊ ကြည့်ရတာ သားတွေ့ခဲ့တဲ့ကြွက်ကြီးက အစာရှာနေတုန်း သားကိုမြင်တော့ သူ့ရန်သူထင်လို့ လိုက်လာတာနေမှာပေါ့ …”
“ဟင် … သူကလည်း ကိုယ့်အမျိုးအနွယ်အချင်းချင်းကြီးကို …”
“ဩော် သားရယ် … သတ္တ၀ါတွေဟာ ကိုယ့်ရှင်သန်နေထိုင်မှုအတွက် ရုန်းကန်နေရတဲ့အခါ တစ်ခါတစ်လေ ရုတ်တရက်ဘာကိုမှ ဂရုမစိုက်နိုင်ကြတာတွေလည်း ရှိတတ်တာပဲ၊ ငါနဲ့ ပုံစံချင်းတူလို့ ငါ့ကိုခင်ရမယ်ဆိုတာမျိုးမှ မရှိနိုင်တာ … ”
“ကျွန်တော်တော့ အပြင်ထွက်ရမှာတောင် နည်းနည်းလန့်သွားပြီဗျာ၊ အိမ်ထဲမှာနေလည်း လန့်ရ၊ အပြင်ထွက်လည်း လန့်ရနဲ့ တော်တော်ဂွကျတာပဲ”
“သား … လန့်တယ်ဆိုတာမကောင်းဘူး သားရဲ့၊ လန့်နေတာထက် ဘယ်တော့မဆို အမြဲသတိရှိနေတာ ရမှာ … ကဲကဲ သားလည်း ဆာရောပေါ့ စားလိုက်ပါဦး” ဆိုကာ အမေက ပန်းကန်စင်ပေါ်သို့ တက်သွားလေသည်။ ကျွန်တော်လည်း အစာစားရင်း အမေ့စကားများကို စဉ်းစားကာ ကျန်နေခဲ့လေတော့သည်။
အိပ်ရာကနိုးတော့ အမေ့ကိုမတွေ့ရ … ကြည့်ရတာ အမေအစာရှာထွက်သွားပြီထင်သည်။ ဒီကနေ့တော့ အပြင်မထွက်တော့ဟု ဆုံးဖြတ်ကာ အသိုက်ထဲမှာပဲ နေရန်ဆုံးဖြတ်လိုက်လေသည်။ ခက်တာက ကျွန်တော်တို့ကြွက်တွေမှာ လူတွေလို အပျင်းဖြေစရာဘာမျှမယ်မယ်ရရ မရှိသည့်အပြင် အသိုက်ကလည်း သိပ်ကျယ်ကျယ်ဝန်းဝန်းမရှိလေတော့ ဘာလုပ်ရကောင်းမလဲဟု စဉ်းစားမိရာ အရင်နေ့ကစဉ်းစားထားသည့် ကျွန်တော်တို့ အသိုက်ဘေးတွင်ရှိသော ဆန်တိုင်ကီကြီးကို ကိုက်ဖောက်ရန်အကြံဖြစ်မိလေသည်။
“အင်း … ဒီဆန်တိုင်ကီကြီးက သံနဲ့လုပ်ထားပြီး ထုထည်ကြီးတယ်ဆိုပေမယ့် ငါ့သွားနဲ့ကိုက်မယ်ဆို ပေါက်လောက်ပါတယ်၊ မပေါက်တော့လည်း အရင်းပေါ့လေ ဘာဖြစ်သေးတုန်း၊ ပေါက်ရင်တော့ အမေ နေ့တိုင်း အစာရှာထွက်ရတဲ့ ဒုက္ခက သက်သာတာပေါ့ … ငါလည်း ကြွက်စွမ်းကြွက်စ ပြပြီးသားဖြစ်မှာပဲ ” ဟု ကိုယ့်အတွေးနှင့်ကိုယ် ဆန်တိုင်ကီကိုဖောက်ရန် အားထုတ်ပါတော့သည်။ အမေပြောခဲ့သည့် အတိုင်းပင် ဆန်တိုင်ကီမှာ တော်တော်လေး မာလှသည်၊ တော်တော်လေးကြိုးစားလိုက်တာတောင် အရာထင်သည်ဆိုရုံလေးထင်သည်၊ အသံကတော့ တဂျစ်ဂျစ်နှင့် တော်တော်ထွက်သည်။ ဘာပဲပြောပြော တဖြည်းဖြည်းတော့ ပေါက်မှာပါလေဟု အားတင်းကာကြိုးစားနေခိုက် …  ကျယ်လောင်လှသော အသံကြီးတစ်သံကြားလိုက်ရသည်၊ ဆန်တိုင်ကီကို တုတ်ချောင်းဖြင့် ခေါက်လိုက်သည့်အသံဖြစ်မည်ထင်သည်။ ကျွန်တော်တဂျစ်ဂျစ်ကိုက်နေသော အသံကြောင့် အိမ်ရှင်တွေကြားပြီး ကျွန်တော့်ကိုရှာရန်ရောက်လာခြင်း ဖြစ်လိမ့်မည်။ ရုတ်တရက်မို့ ဘာလုပ်ရမှန်း မသိ တွေဝေနေပြီး ဘယ်သွားရမှန်းမသိဖြစ်နေစဉ် …
“သား … ဒီဘက်ကိုလာခဲ့ ” အမေ့အသံပေါ်လာပြီး ကျွန်တော့်ကို ထွက်ပြေးရန်ခေါ်လေသည်။ ဘာမှစဉ်းစားမနေတော့ပဲ အမေခေါ်သည့်နောက်သို့ ကသောကမျော ပြေးလိုက်လေတော့သည်။ တစ်အိမ်လုံးကို ပတ်ပြီးပြေးရင်းပြေးရင်း မီးဖိုချောင်ထဲက မီးသွေးအိတ်တွေထားသည့်နေရာရောက်တော့ အမေက ချောင်တစ်ခုမှာ ကပ်လိုက်ရင်း “အမေတို့ ဒီမှာယာယီနေကြတာပေါ့ကွယ် … နောက်တော့လည်း အမေ နေရာထပ်ရှာပြီး ပြောင်းကြတာပေါ့” ဟုပြောလေသည်။ အမေ့ကြည့်ရတာ ကျွန်တော့်ကို ဆူချင်ပုံလည်းမရ၊ ဒေါသထွက်ပုံလည်း မရှိသဖြင့် ကျွန်တော်ကပင်စ၍
“အမေ ကျွန်တော့်ကို ဘာဖြစ်လို့ မဆူတာတုန်း” ဟု အားမလိုအားမရမေးလိုက်လေရာ
“ဆန်အိုးကို တုတ်နဲ့ရိုက်တဲ့အသံကြားကြားချင်း အမေ သားဆီပြေးလာတာ သားတစ်ခုခုဖြစ်မှာကို တွေးနေတာနဲ့ အမေ့မှာ သားကို ဆူဖို့အချိန်သိပ်မရလိုက်ဘူး သား၊ သားက အစာအတွက် ဘာမှထွေထွေထူးထူး မစဉ်းစားပဲ ဆန်တိုင်ကီကို ဖောက်ဖို့စဉ်းစားတာပဲမဟုတ်လား၊ လူတွေကလည်း သူတို့ဆန်အိုးကို ကြွက်ကိုက်နေပြီဆိုပြီး ကိုက်နေတဲ့ကြွက်ကို ရိုက်ဖို့လာတာပဲ၊ စဉ်းစားကြည့်ရင် ဘယ်သူမှားတယ်လို့ပြောလို့မရပါဘူး၊ အားလုံးဟာ ကိုယ့်ကိုယ်ကိုကလွဲပြီး သိပ်ဂရုစိုက်နိုင်ကြတာမှ မရှိပဲ… နောက်ပြီး ခုကိစ္စကလည်း နောင်တစ်ချိန် သားဘ၀အတွက် သင်ခန်းစာကောင်းတစ်ခုဖြစ်မှာပါ  …”
အမေ ပြောတာ ဤမျှပင်ဖြစ်သော်လည်း ကျွန်တော့်စိတ်ထဲမှာ အများကြီးကြားလိုက်ရသည်၊ အမေ့ အသံသည် အင်မတန်အေးချမ်းနေသည်။ တောက်လျှောက်ပြေးလာရသဖြင့် မောနေသော စိတ်အဟုန်တို့သည် ပကတိပြန်လည်တည်ငြိမ်သွားပေပြီ။
အမေက အစာရှာရန်ပြန်ထွက်သွားလေသည်။
ကျွန်တော်လည်း နောက်တစ်နေရာပြောင်းရမည့်အရေးကို စဉ်းစားရင်း အမေပြန်လာတာကိုပဲ ငြိမ်ငြိမ်လေး ထိုင်စောင့်နေလိုက်ပါတော့သည်။

ထီဧလွင်
၁၇ရက်၊ ဩဂုတ်လ၊ ၂၀၁၃
(COO PAPER eMagazine ~ September, 2013)

No comments: